International News

ကုလသမဂ္ဂတွင် စာရင်းဝင်သွားသည့် တရုတ်၏ လေ့လာသင်ကြားရေး App များ

Last Updated:

ကိုရိုနာကူးစက်ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း တရုတ်နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများနှင့် လုပ်ငန်းများက 5G နည်းပညာကိုအသုံးပြု၍ အွန်လိုင်းပေါ်မှ စာပေ သင်ကြားခြင်းနှင့် အစည်းအဝေးများ ပြုလုပ်ခြင်းတို့ကို ပြုလုပ်လာသည်မှာ အချိန်(၂)လ နီးပါး ကြာမြင့်လာပြီဖြစ်ပါသည်။

ယခုအခါ ကမ္ဘာ့ကုလသမဂ္ဂမှ ပထမဉီးဆုံးအကြိမ် ထောက်ခံအကြံပြုသော အဝေးရောက်ပညာသင်ကြားနိုင်သည့် ဖြေရှင်းနည်းပေါင်း (၆၀) အနက် Alibaba Group Holding Ltd.မှ တည်ထောင်ထားသည့် DingTalkမှာ တစ်ခုအပါအဝင် ဖြစ်သွားပြီ ဖြစ်ပါသည်။ DingTalk သည် တရုတ်နိုင်ငံတဝှမ်းမှ ကျောင်းပေါင်း (၁၄၀,၀၀၀)နှင့် အတန်းချိန် (၂.၉)သန်းတို့၏ သင်ခန်းစာများကို အွန်လိုင်းပေါ်မှ သင်ကြားပို့ချခြင်းအား လွယ်ကူ ချောမွေ့စေရန် အထောက်အကူပြုခဲ့ပြီး၊ တရုတ်နိုင်ငံရှိ ဒေသပေါင်း (၃၀) ကျော်မှ ကျောင်းသားသန်း (၁၂၀) တို့အား အထောက်အကူပြုခဲ့ပါသည်။ ဆရာဆရာမ (၃.၅) သန်းတို့မှာ ၎င်း App ကို  အမာခံအသုံးပြုသူများ ဖြစ်နေကြပြီ ဖြစ်ပါသည်။

DingTalk App အပြင် Tencent Holdings Ltd. မှ တီထွင်ထားသော Tencent Meeting App ကိုလည်း အဝေးရောက်သင်ကြားခြင်းနှင့် အစိုးရဌာနများ၊ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့၌ အစည်းအဝေးများပြုလုပ်ခြင်းအတွက်လည်း ဇန်နဝါရီ လကုန်ပိုင်းမှစ၍ တွင်ကျင်စွာ အသုံးပြုလာပါသည်။  ၎င်း Appကို တရုတ်ပြည်မကြီး၌သာမက နိုင်ငံပေါင်း (၇) နိုင်ငံသို့လည်း အသုံးပြုခွင့်ပေးထားကာ လူပေါင်း (၃၀၀) ကျော်ပါဝင်သည့် အွန်လိုင်းအစည်းအဝေး ကို တစ်ပြိုက်နက်တည်းကျင်းပနိုင်ပါသည်။ ၎င်းAppများအပြင် တရုတ်၏ Mosotechနှင့် iCourse Appများလည်း ကုလသမဂ္ဂ၏ စာရင်းတွင် ဖော်ပြခြင်းခံရပါသည်။

ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ရှိ ပညာရေးဆိုင်ရာ၊ သိပ္ပံဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အဖွဲ့အစည်းသည် ကျောင်းသားများ၏ လေ့လာသင်ကြားမှုကို  လွယ်ကူစေပြီး၊ ကျောင်းများပိတ်ထားစဉ်အတွင်း လူမှုရေးရာဂရုဓမ္မပြုမှုနှင့် အပြန်အလှန်ဆက်သွယ်မှု နည်းလမ်းများဖြစ်သည့် Applicationများနှင့် Platformများကို အုပ်စု (၆) စုခွဲလျက် ထုတ်ပြန်ကြေငြာထားခြင်းဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်ကြေငြာချက်အရ ယနေ့အချိန်တွင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း (၈၅) နိုင်ငံကျော်၌ ကျောင်းများကို ပိတ်ထားရပြီး၊ ကလေးသူငယ်နှင့် လူငယ်လူရွယ်ပေါင်း (၇၇၆.၇)သန်း၏ လေ့လာသင်ကြားမှုများအပေါ် သက်ရောက်မှုကြီးစွာဖြစ်ပေါ်နေကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၁၈-၃-၂၀၂၀)

Category: International News